ပန်ဆိုင်း(ကြူကုတ်)မြို့၌ ၂၀၂၀ပြည့်နှစ် ၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်း

ပန်ဆိုင်  ဩဂုတ် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ၂၀၂၀ပြည့်နှစ် ၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်  မဲစာရင်းတွင် မဲဆန္ဒရှင်အမည် များ လွဲမှားမှုမရှိစေရေးနှင့် ပြည့်စုံ မှန်ကန်စေရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို  ပန်ဆိုင်း (ကြူကုတ်) မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လည်(၁) နာရီအချိန်က ပြုလုပ်ကျင်းပသည်။

အဆိုပါ အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်က ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံး စေရေး မဲဆန္ဒရှင်စာရင်း၌ အမည်ပါဝင်စေရန်နှင့် ပြည့်စုံမှန်ကန်စေရန် ပြန်လည်စစ်ဆေးခြင်းများကို ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းဆောင်ရွက်သွားကြရန် ၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအားလုံး မဲပေး ခွင့်မဆုံးရှုံးစေရေးနှင့် မဲစာရင်းတွင် ပါဝင်သူများအားလုံး ထည့်သွင်းဖြည့်စွက်ခြင်းများကို ဆောင် ရွက်ပေးကြရန်နှင့် လာမည့်အောက်တိုဘာလအတွင်း ရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ ပေးနိုင်ရေးလုပ်ငန်းများကို သတ်မှတ် ကာလ အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ဆက်လက်ပြီး ၂၀၂၀ပြည့်နှစ် ၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

သန်းမိုးခိုင်(ပြန်/ဆက်)