မဟာအောင်မြေမြို့နယ်တွင် ဖယောင်းတိုင်မီးအား ပေါ့ဆစွာအသုံးပြုမှုကြောင့် မီးလောင်ကာ နေအိမ် (၁၀)လုံး မီးလောင်ဆုံးရှုံး

မန္တလေး သြဂုတ်  ၂၁

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက် အကွက် (၃၄၂) ၃၇ × ၃၈ လမ်းကြား ၈၉ × ၉၀ လမ်းကြားရှိ ဦးရဲဝင်းအောင်၏ နေအိမ်ဘုရားဆောင်တွင် ထွန်းထားသော ဖ‌ယောင်းတိုင်မီးမှတစ်ဆင့် အနီးရှိထရံအားမီးကူးစက်ကာ  ယမန်နေ့ ၁၃ နာရီ ၂၄ မိနစ်တွင်မီးလောင်ခဲ့ရာ လူနေအိမ် (၁၀) လုံးခန့်မီးလောင်ခဲ့ပြီး ငွေကျပ် (၄၂၃၀၀၀၀) ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

မီးလောင်မှုကို Level 4 အဆင့် သတ်မှတ်ကာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှူးတို့မှ အနီးကပ်ကြီးကြပ်ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၂၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၂၅၀) ဦးတို့ဖြင့် မီးငြိမ်းသတ်ယာဉ် (၄၈) စီး၊ ရေသယ်ယာဉ် (၂၂) စီး မီးသတ်စက်ယာဉ် (၅) စီး၊ အုပ်ချုပ်ယာဉ် (၃) စီး စုစုပေါင်းယာဉ် (၇၈) စီးတို့ဖြင့် ဝိုင်းဝန်းငြိမ်းသတ်ရာ  ၁၃ နာရီ ၄၅ မိနစ်တွင် မီးထိန်းနိုင်ကာ ၁၃ နာရီ ၅၂ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ခြေ (၁၀) လုံး အိမ်ထောင်စု (၁၆) ခုမှ မီးဘေးသင့် (၈၀) ဦးတို့အား စိန်ပန်းရပ်ကွက် လမ်း ၉၀၊ ၃၇ × ၃၈ ကြားရှိ ကတ္တူဘုန်းကြီးကျောင်းတိုက်တွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ ပြောင်းရွှေ့နေရာချထားပေးခဲ့ကြောင်း သိရသည်။  

ထွန်းထွန်းနိုင်