ကာမိုင်း ဩဂုတ် ၂၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းမြို့ဧရိယာအတွင်း မိုးများအဆက်မပြတ် ရွာသွန်းပြီး တနိုင်းမြို့နယ် ဘက်မှ မြစ်ဖျားခံစီးဆင်းလာသော နန့်ကောင်းချောင်းနှင့် မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင်ဘက်မှ ဖြစ်ဖျားခံ စီးဆင်းလာသော အင်းတော်ချောင်းတို့မှ ရေများလျှံတက်လာသဖြင့် ယမန်နေ့ နံနက် ၈ နာရီခွဲတွင် ကာမိုင်း-မအူပင်-ဖားကန့်သွား ကားလမ်းပေါ်နှင့် လဝါး-ကာမိုင်းသွား ကားလမ်းပေါ်သို့ ရေများ(၅)နေရာ ကျော်တက် လျက်ရှိကြောင်း သိရသည်။
ရေများကျော်တက်ရာ၌ ကာမိုင်း-မအူပင်-ဖားကန့်သွား မိုင်တိုင်အမှတ် (2.5)KMနှင့် (3.5)KM ကြားတွင် ရေအနက်(၁)ပေခန့်၊ ကားလမ်းအရှည်ပေ (၂၀၀)ခန့်တစ်နေရာနှင့် ရေအနက်(၁)ပေခွဲခန့်၊ ကားလမ်းအရှည်ပေ (၁၅၀)ခန့်တစ်နေရာ စုစုပေါင်းနှစ်နေရာတို့တွင် ရေများကျော်တက်လျက်ရှိပြီး မော်တော်ယာဉ်ငယ်များအား ကာမိုင်း-ကထန်ယန်-လွယ်ဆိုင်-မအူပင် (၁၂)မိုင်ပတ်လမ်းမှသွားရောက်စေပြီး မော်တော်ယာဉ်ကြီးများအား ၎င်းလမ်းအတိုင်းပုံမှန် ဖြတ်သန်းသွားလာ လျက်ရှိကြောင်း သိရသည်။
ထို့အတူ လဝါး-ကာမိုင်းသွား (6)KMနှင့် (7)KMကြားတွင် ရေအနက်(၁)ပေခွဲခန့်၊ ကားလမ်းအရှည်ပေ (၃၀၀)ခန့်တစ်နေရာနှင့် ရေအနက်(၁)ပေခန့်၊ ကားလမ်းအရှည်ပေ(၂၀၀)ခန့်နှစ်နေရာ တို့တွင်လည်းကောင်း၊ (7)KMနှင့် (8)KMကြားတွင် ရေအနက်(၆)လက်မခန့်နှင့် ကားလမ်းအရှည်ပေ (၂၀၀)ခန့်တစ်နေရာတို့တွင် လည်းကောင်း စုစုပေါင်း(၅)နေရာတို့တွင် ရေများကျော်တက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ နေရာများသို့ ကာမိုင်းမြို့တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် လူမှုကူညီရေး အသင်းအဖွဲ့ဝင်များက ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များအား ဖြတ်သန်းသွားလာမှု လွယ်ကူစေရန် သွားရောက်ကူညီ ဆောင်ရွက်နေပြီး လတ်တလော အခြေအနေတွင် ရေများတစ်ဖြေးဖြေး ပြန်လည်ကျဆင်း လျက်ရှိကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)