(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား မြောက်ဥက္ကလာပမြို့နယ်တွင် ဖြန့်ဝေ

မြောက်ဥက္ကလာပ နိုဝင်ဘာ ၂၆

၂၀၂၁ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ လူစည်ကားရာနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ (တာဝန်ပေး)ဒေါ်မြမြဝင်းနှင့် ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြန့်ဝေသည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များအား ကျောင်းသား/သူများနှင့် ပြည်သူများက စိတ်ပါဝင်စားစွာ ဖတ်ရှုကြပြီး စာစောင်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားပညာရေးအကြောင်းများ၊ အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာကို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦး၊ ပညာရေးကဏ္ဍသည် အရေးကြီးသည့် အကြောင်းများနှင့် အမျိုးသားရေးစိတ်ဓာတ်စသည့် ဆောင်ပုဒ်၊ အဆိုအမိန့်၊ ကဗျာ စသည့်တို့ကို ဖော်ပြထားကြောင်း သိရှိရသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်မြမြဝင်းက အမျိုးသားအောင်ပွဲနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ စာကြည့်တိုက် အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

မြမြဝင်း (မြို့နယ် ပြန်/ဆက်)