တိုက်ကြီး နိုဝင်ဘာလ၂၆
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းလာစေရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများ အကြောင်း အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက် ဆောင်ရှက်လျက်ရှိရာ ယမန်နေ့ ညပိုင်းအချိန်က တာဝန်ရှိသူများက မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ လိုက်နာနေထိုင်ကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်နှင့် ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာရန်၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူရန်နှင့် အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျမတပ်ဆင်ခြင်းနှင့် လူစုလူဝေး ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးနှိုးဆော် တိုက်တွန်းထားပါသည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ကျော်စိုး၏ စီစဉ် ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု (၉၅)အုပ်စုတို့မှ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများရှိ လမ်းများ၊ လမ်းဆုံများ၊ လူစည်ကားရာဈေး၊ ကားဂိတ်တို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး နည်းလမ်းများကို ပြည်သူများသိရှိလိုက်နာနိုင်စေရေးအတွက် အသံချဲ့စက်များ၊ လက်ကိုင် စပီကာများ ဖြင့် အသိပညာပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)