တောင်ဥက္ကလာပ နိုဝင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အသိပညာပေး လုပ်ငန်းများအား စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ (၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေဖြန့်ချီသည့် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် နိုင်ငံတော်၏ သမိုင်းဝင်နေ့ကြီး ရက်ကြီး များအား သိရှိနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်သို့အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ ကဗျာ၊ ဆောင်ပုဒ် များနှင့် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းတို့ကို အများပြည်သူများ ဗဟုသုတရစေရန် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။ ထို့အပြင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင်လည်း အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ အသိပညာ ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ စာပေချစ်သူများက စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)