နမ္မတူတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများ

နမ္မတူ   နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ အသိပညာ ပေးရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများကို ယခုလို ကြားသိရသည်။

မောင်ကောင်းကျော်ဦး (သ.တ.လရပ်ကွက်-၁)

ကျွန်တော်နာမည်ကတော့ မောင်ကောင်းကျော်ဦးပါ၊ အသက်က (၁၈)နှစ်ဖြစ်ပြီး၊ နမ္မတူမြို့နယ်၊ သ.တ.လရပ်ကွက်(၁)မှာ နေပါတယ်၊ ကျွန်တော်ကတော့ မေတ္တာရှင်လူမှုကူညီရေး အသင်းက ပရဟိတအဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်၊ ကျွန်တော်တို့အသင်းအနေနဲ့ နမ္မတူမြို့နယ်အတွင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီနှင့် ပူးပေါင်းပြီးတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ အသိပညာပေးရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီဆောင်ရွက် ရပါတယ်၊  ဒီကိုဗစ်ပိုးမတွေ့ခင် ကျွန်တော်က ပြည်သူ့ဆေးရုံကုသရေးစင်တာမှာ ပိုးတွေ့လူနာတွေ လိုအပ်တာတွေကို ကူညီဆောင်ရွက် ပေးရပါတယ်၊ အဲ့လိုကူညီဆောင်ရွက်နေရင်း တစ်ရက်မှာ ညောင်းကိုက်လာတယ် ပြီးတော့ အဖျားဝင်လာတယ်၊ အဲ့တာနဲ့ ပြည်သူ့ဆေးရုံကုသရေး စင်တာမှာ RDT Test Kit ဖြင့်စစ်ဆေးလိုက်တော့ ကိုဗစ်ပိုးတွေ့ရှိရတယ်၊ အဲ့လို ပိုးတွေ့ရှိပြီး နှစ်ရက်လောက် ကြာတော့ အနံ့ပျောက်သွားတယ်၊ ပြီးတော့အရသာပါပျောက်သွားတယ်၊ အစားပျက်တာတော့ မဖြစ်ဘူး၊ ဆေးတော့ တစ်ရက်တစ်ကြိမ် ဆေးငါးလုံးသောက်ရတယ်၊ တစ်ပတ်လောက်အကြာ ဆေးသောက်ရတယ်၊ အဲ့လိုပိုးတွေ့ပြီး ကျန်းမာရေးညွှန်ကြားချက်တွေနဲ့အညီ နေထိုင်ပြီး ပိုးတွေ့လူနာတွေ လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးရင်းနေတာ တစ်လကြာတယ်၊ ပြီးတော့ ကုသရေးစင်တာကဆင်းပြီး အမှတ်-၁အခြေခံသတ္တုတွင်းလုပ်ငန်းခွင် သင်တန်းကျောင်းရှိ စောင့်ကြည့်စခန်းမှာ စောင့်ကြည့် (၁၀)ရက် နေရတယ်၊ ပြီးတော့ အသင်းကိုပြန်ပြီး ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ အသိပညာပေး လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးပါတယ်၊ ကိုဗစ်ပိုးမတွေ့ရှိခင် ကျွန်တော်ကတော့ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထိုးထားပြီးပါပြီ၊ အဲ့ဒါကြောင့်ထင်တယ် နောက်ဆက်တွဲ ဆိုးကျိုးတွေကို မခံစားရပါဘူး၊ ဒါကြောင့် မြို့နယ်တွင်းရှိပြည်သူတွေကို ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံကြစေချင်ပါတယ်၊ ပြီးတာ့ အပြင်ထွက်ရင် Mask တပ်ပြီး၊ အိမ်ပြန်ရင်လည်း လက်ကိုစနစ်တကျဆေးဖို့နဲ့ ကျန်းမာရေးစည်းကမ်းချက်တွေနဲ့အညီ နေထိုင်ကြဖို့ တိုက်တွန်းပြောကြားလိုပါတယ် ခင်ဗျား။

လူမော် (ပြန်/ဆက်)