မဘိမ်းမြို့၌ (၁ဝ၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

    မဘိမ်း      နိုဝင်ဘာ      ၂၆     

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီး၍  ၂ဝ၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁ဝ၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

(၁ဝ၁)နှစ်မြောက်     အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်             အသိပညာပေးဟောပြောပွဲတွင်       ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းက  အမျိုးသားအောင်ပွဲနေ့ စတင်ဖြစ်ပေါ်လာပုံအကြောင်း၊ ကျောင်းသားသပိတ်မှောက်ရာမှ အစပြု၍ အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုရင့်သန်လာပြီး အမျိုးသားကျောင်းများ ပေါ်ပေါက်လာပုံနှင့် သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုခဲ့ကြသည့် ကျောင်းသား(၁၁)ဦးတို့၏ အမည်များကို လေ့လာမှတ်သားသိရှိနိုင်ရေး ပညာပေး ဟောပြောခဲ့သည်။

ထို့နောက်ဟောပြောပွဲသို့ တက်ရောက်လာကြသူများက (၁ဝ၁)နှစ်မြောက်အမျိုးသားအောင် ပွဲနေ့အထိမ်းအမှတ်ပြပွဲတွင် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာခဲ့ ကြကြောင်းသိရသည်။

မျိုးမင်း (ပြန်/ဆက်)