မိတ္ထီလာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ ရေးဆွဲနည်းသင်တန်းဖွင့်လှစ်

မိတ္ထီလာ   နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကျေးရွာများမှ ကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေရေးဆွဲနည်းသင်တန်းကို ယမန်နေ့က  လက်ပံ့အိုင့် (အနောက်)ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိူးမျိုးလတ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျေးရွာ ဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲမှု၊ ငွေကြေးထည့်ဝင်မှုဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ သည်။ ယင်းနောက် မြို့နယ်စီမံကိန်းတာဝန်ခံများက ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ သုံးစွဲရေးအစီအစဉ်များနှင့် ပတ်သက်သည့် သင်ခန်းစာများအား ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ (၆)လတွင်   ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)  ​အကောင်အထည် ဖော်ဆောင်ရွက်မည့်ကွက်ငယ်၊ သရက်ကန်၊ ညောင်ပင်သာ၊ လက်ပံ့အိုင့် (အနောက်)ကျေးရွာများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ ရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ (၆၄)ရွာကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)