အမျိုးသမီးများ အကြမ်းဖက်မှုမှ ကင်းဝေးစေရန်အတွက် (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကျင်းပ

ပျဉ်းမနား နိုဝင်ဘာ ၂၆

 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အမျိုးသမီးကော်မတီက ကြီးမှူးကျင်းပသည့် အမျိုးသမီးများ အကြမ်းဖက်မှုမှ ကင်းဝေးရေး (၁၆) ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ အကြီး အကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးက အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို အကြမ်းဖက်မှုအမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ပေးရန်မှာ အမျိုးသားများသာမက လူ့အဖွဲ့အစည်း တစ်ရပ်လုံးတွင်လည်း တာဝန်ရှိသလို လက်တွေ့ကျတဲ့ လုပ်ငန်းစဉ များနှင့် ထိရောက်သည့် ဥပဒေများလည်း လိုအပ်ပါ ကြောင်း၊ ကျား/မ ရေးရာ ခွဲခြားတဲ့အမြင်များကို ပြောင်းလဲစေဖို့နှင့် တန်းတူညီမျှမှုကို အလေး ပေးသော ဖွဲ့စည်းပုံ အခြေခံဥပဒေများ၊ မူဝါဒများကို ပြင်ဆင်ပြဌာန်းခြင်းဟာ အရေးပါသလို အမျိုးသမီးများကို တန်းတူညီမျှမှု အခွင့်အရေး မရရှိအောင်ကန့်သတ်ထားတဲ့ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးစံ အလေ့ အကျင့်တွေကို ပြောင်းလဲအောင် လုပ်ဆောင်နိုင်ဖို့ ထည့် သွင်းစဉ်းစားကြဖို့ လိုပါကြောင်းဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကင်းဝေးရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်း အမှတ်အဖြစ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်းကာ Zumba Dance ဖြင့် တင်ဆက် ပြသခဲ့ကြောင်း သိရသည်။

ခန့်ဝင်းကျော် (ပြန်/ဆက်)