ပုလော သြဂုတ်လ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပုလောမြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးတွင် ပုလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးတင်က မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာမှုနှင့်ပတ်သက်၍ မဲစာရင်းများမှန်ကန်ရေးကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့၀င်များနှင့် အဖွဲ့၀င်တွင်ပါ၀င်သည့်ဌာနဆိုင်ရာများအနေဖြင့် ဝိုင်း၀န်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် ဌာနဆိုင်ရာများအား ဖွဲ့စည်းတာ၀န်ပေးထားပြီးဖြစ်ကြောင်း၊ တာ၀န်ချထားပေးသည့်နယ်မြေအလိုက် ပါ၀င်သော ရပ်ကွက်/ကျေးရွာ အုပ်စု၊ မဲရုံ တည်နေရာ၊ မဲဆန္ဒရှင်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့၀င်များမှ ကြီးကြပ်ကွပ်ကဲရန် ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် ပုလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်မင်းက ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခဲ့ရာတွင် လိုအပ်ချက်များကို အချိန်မီပြင်ဆင်ဖြည့်စွက်လျက်ရှိပါကြောင်း၊ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာတွင် မှန်ကန်တိကျသော မဲစာရင်းများရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မဲဆန္ဒရှင်စာရင်းများ စိစစ်ရေးလုပ်ငန်းကော်မတီ၏ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားရာ တက်ရောက်လာကြသော မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့၀င်များက မဲဆန္ဒရှင်စာရင်းစိစစ်ရေးလုပ်ငန်းများ ကဏ္ဍအလိုက်ဆောင်ရွက်ရမည်များကို အသီး သီးဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)