သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေ‌သော အသက်(၁၈)နှစ်အထက် ပြည်သူများအား ကာကွယ်‌ဆေး ဆက်လက်ထိုးနှံပေး

သုံးခွ နို၀င်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် အသက် ၁၈နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်အားကစားခန်းမ ခြင်းလုံးရုံ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများ၊ အစိုးရကျန်းမာရေး ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်များ၊ သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊  ယာဉ်မောင်း ဆရာများ၊ ယာဉ်နောက်လိုက်များ၊ ဆိုက်ကားဆရာများ၊ (ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှ ဝန်ထမ်းများ)၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သူများ၊ စားသောက်ကုန်ပစ္စည်း ရောင်းချသူများ၊ စားသောက်ဆိုင် လက်ဘက်ရည်ဆိုင်ရှိ ဝန်ထမ်းများ၊ ဈေးသည်များနှင့် မသန်စွမ်းများအား ထိုးနှံပေးကြောင်း သိရသည်။ 

အဆိုပါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို (၂၅.၁၁.၂၀၂၁) ရက်နေ့မှ (၂၆.၁၁.၂၀၂၁)  ရက်နေ့အထိ မြို့နယ်အားကစားခန်းမတွင် နံနက်(၉)နာရီမှစ၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးသူ အသက် ၆၅နှစ်အထက် သက်ကြီးဘိုးဘွား (၁၈၃၅)ဦး၊ အသက် ၅၅နှစ်အထက် (၄၁၇၆)ဦးနှင့် အသက် ၄၅အထက် (၁၈၆၃)ဦး၊ စက်မှုဇုန်ပြင်ပ အလုပ်သမား (၁၃၂၆)ဦး စုစုပေါင်း (၉၂၀၀)ဦတို့အား ကာကွယ်ဆေးများ ထိုးနှံ‌ပေးပြီးဖြစ်ကြောင်း သိရသည်။

စည်သူလင်း