ကျောက်ဆည်မြို့နယ်တွင် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်   နိုဝင်ဘာ  ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိကထား စိုက်ပျိုးပြီး အခြားသီးနှံ မျိုးစုံကိုလည်း မြေအနေအထားအပေါ်မူတည်ပြီး စိုက်ပျိုးလျက်ရှိရာ  သင်ပျိုးကျေးရွာတွင် စိုက်ပျိုး ထားသောနေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် နေကြာသီးနှံကို မိုးရာသီနှင့် ဆောင်းရာသီးတွင် အဓိထား စိုက်ပျိုးကြ ကြောင်း၊ စိုက်ပျိုးရာတွင် ပက်ကျဲစနစ်၊ တန်းဆွဲစနစ် အမျိုးမျိုးစိုက်ပျိုးနိုင်ပြီး သီးထပ်၊ သီးညှပ်အဖြစ် လည်း စိုက်ပျိုးကြကြောင်း သိရသည်။ နေကြာတစ်ဧက စိုက်ပျိုးမည်ဆိုပါက မြေအမျိုးအစားအပေါ် မူတည်ပြီး မျိုးစေ့လေးပြည်မှငါးပြည်အထိ အသုံးပြုရကာ မြေဆီမြေဩဇာကောင်းပါက အပင်ကျဲမှသာ အပွင့်သန်ပြီး ထွက်နှုန်းကောင်းမှာဖြစ်ကြောင်း ယခုအခါ နေကြာဆီတပိဿာဈေးနှုန်း (၇၅၀၀)ကျပ် ရှိသဖြင့် နေကြာစိုက်ပျိုးသူများ အကျိုးအမြတ်များနိုင်ကြောင်း တောင်သူ ဦးပေါသိန်းက ပြောပြသည်။

ကျောက်ဆည်မြို့နယ်တွင် နေကြာသီးနှံကို တိုက်နယ်(၁)တွင် (၆၄၇)ဧက၊ တိုက်နယ်(၂)တွင် (၃၇၆) ဧက၊ တိုက်နယ်(၄)တွင် (၄၄၅)ဧက၊ တိုက်နယ်(၉)တွင် (၂၆၂)ဧက၊ တိုက်နယ်(၁၀)တွင် (၉၉၅) ဧက၊ တိုက်နယ်(၁၁)တွင် (၄၄၉)ဧက၊ တိုက်နယ်(၁၂)တွင် (၈၁၉)ဧက လျာထားစိုက်ပျိုးထားကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)