နမ့်ခမ်း နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့အနီးရှိ ကျေးရွာ များတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးအသိပညာပေး ကျန်းမာရေးလမ်းညွှန်ချက်များ လိုက်လံဆော်သြခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က နောင်တိန်းကျေးရွာသို့ သွားရောက်၍ အသိပညာပေး ဆော်သြခြင်း ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာအတွင်း၌ လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေး ဆော်သြပေးရာတွင် ရောဂါကို မိမိကစ ကာကွယ်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာလျှင် နှာခေါင်းစည်း တပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ကြဉ်ကြရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင် ပြောဆိုဆက်သွယ်ပါ၊ အချင်းချင်း သတိပေး ကြရန်၊ အပြင်သို့ သွားလာနေရသူသည် နေအိမ်ရှိ အသက်အရွယ် ကြီးရင့်သူများ ရောဂါအခံရှိနေသူများနှင့် နီးကပ်စွာ မနေကြရန်၊ ရောဂါ လက္ခဏာ သံသယရှိပါက သို့မဟုတ် ရောဂါလက္ခဏာ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနတွင် ချက်ချင်းကုသမှုခံယူကြရန် စသည့် ကျန်းမာရေးလမ်းညွှန်ချက်များ ဆော်သြပေးခြင်း ဆောင်ရွက်ကြောင်း သိရှိရသည်။
အဆိုပါ အသိပညာပေး ဆော်သြခြင်း ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ကြောင်းနှင့် မြို့အနီးရှိ ကျန်ရှိသည့် ကျေးရွာများသို့ သွားရောက်ကာ အသိပညာပေး ဆော်သြခြင်းလုပ်ငန်း များ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း)