ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး) လမ်းပေါ်ရှိ ပတတံတားဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဘားအံ နိုဝင်ဘာ ၂၅

ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတား ဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁၄)မှ တာဝန်ယူတည်ဆောက်ပြီးစီးခဲ့သည့်  ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နှင့် ကော့ကရိတ်မြို့နယ်တို့ကို အဓိကဆက်သွယ်ပေးသော ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်းပေါ်ရှိပတတံ တားဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီ ခန့်က အဆိုပါ တံတားတည်နေရာ၌ ကျင်းပသည်။

တံတားဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လုံခြုံ မှုရှိမှသာ ဒေသတွင်းနေထိုင် သည့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက် ကောင်းမွန် လာမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စံချိန်စံညွှန်းပြည့်မှီပြီး အရည်အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးခဲ့သည့် ပတတံတားကို အဓွန့်ရှည်စွာဖြင့် ရေရှည်အသုံးပြု နိုင်ရေးအတွက် ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြဖို့ မေတ္တာရပ်ခံလိုကြောင်း၊ ပတတံတား တည်ဆောက် ဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့ကြသည့် တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးနန်းမြင့်အောင်က တံတားဆိုင်ရာအချက် အလက်များကို ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ယနေ့ဖွင့်လှစ်သည့် ပတတံတားသည် အရှည်ပေ(၃၀၀)၊ အကျယ် ၃၁ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေရှိ သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေကျပ်သန်း (၁၂၀၀) ကျော်ခန့် အကုန်အကျခံ တည်ဆောက်ခဲ့ကာ ဘားအံ-လှိုင်းဘွဲလမ်း၊ ဘားအံ-ကော့ကရိတ်-မြဝတီလမ်း အစရှိသည့် ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ချိတ်ဆက်တည်ရှိသော လမ်းပိုင်းတွင် ပါဝင်သည့်အတွက် ဒေသထွက်ကုန်စည်များ ကူးသန်းတင်ပို့ရာတွင် လွယ်ကူလျင်မြန် စေမည်ဖြစ်၍  ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးကို များစွာ အထောက်အကူပြုနိုင် မည်ဖြစ်သည်။

အဆိုပါတံတားကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ခင်ဇော်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဥက္ကဋ္ဌ စောထော့လေး၊ ဒုတိယဥက္ကဋ္ ဌဒေါက်တာနော်ကပေါ်ထူး၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နဘူးမြို့နယ်ဥက္ကဋ္ဌ ပဒိုစောတာစော၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် အမှတ်(၂) တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး စောကြာအင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ပတတံတားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပတတံတားကျောက်စာတိုင်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူ အမွှေးနံသာရည်များပက်ဖျန်းပေးကြကာ ဒေသခံတိုင်းရင်းသား ပြည်သူ များနှင့်အတူ တံတားပေါ်မှ ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။

ယင်းနောက် မွေးမြူရေးလုပ်ငန်းများမှတစ်ဆင့် ဒေသ၏ထုတ်ကုန်ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဘားအံစက်မှုဇုန်အနီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဘားအံမွေးမြူရေးဇုန်၌ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်လိုသူများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို အသိပေးရှင်းလင်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ (၂) ၌ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြကာ အဆိုပါမွေးမြူရေးဇုန်၌ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသူများက ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲ ၄ နာရီအချိန်ခန့်က ၂၀၂၁-ခုနှစ် ဘားအံ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဇာသပြင်တိုက်နယ်ဘောလုံးအသင်းနှင့် မြို့မဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဘောလုံးအားကစားဝါသနာရှင်များနှင့် တွေ့ဆုံ ကာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)