နေပြည်တော် နိုဝင်ဘာ ၂၅
ကျေးလက်နေ အိမ်ထောင်စုများ၏ အလုပ်အကိုင်နှင့် ဝင်ငွေရရှိရေး၊ လူမှုဘဝနှင့် စားနပ်ရိက္ခာဖူလုံမှုတို့ကို တိုးမြှင့်ပေးနိုင်ရေးနှင့် မျှစ်စိုက်ပျိုး ထုတ်လုပ်မှု တန်ဘိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်လာရေးကို ရည်ရွယ်လျက် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့်ဒေသများရှိ ကျေးလက်နေ အိမ်ထောင်စုများအကြား ထိရောက်သည့် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ စတုတ္ထအကြိမ်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မျှစ်စိုက်ပျိုးထုတ်လုပ်ရေး တန်ဘိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှုမြှင့် တင်ပေးနိုင်ရေးဆိုင်ရာ စီမံကိန်း" စတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများ၏ ရည်မှန်းချက်ဖြစ်သည့် ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျှော့ချရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်ရာတွင် တောင်သူလယ်သမားများ၏ ထုတ်လုပ်မှုစွမ်းအား မြင့်မားလာခြင်းနှင့်အတူ လုပ်ကွက်ငယ် တောင်သူ လယ်သမားများ၏ ဝင်ငွေတိုးတက်လာစေရေးကို ဦးတည်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကျေးလက်နေ အိမ်ထောင်စုများ၏ ဝင်ငွေတိုးမြှင့်ရေး၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးတို့ကို ဦးတည်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများတွင် အထူးအလေး ထား ပံ့ပိုးဆောင်ရွက်လျက်ရှိပါ ကြောင်း၊ စီမံကိန်းမှာ မျှစ်ဈေးကွက်ဆိုင်ရာ လေ့လာမှုကို ဆောင်ရွက် မှာဖြစ်သည့်အတွက် ဒေသခံ ပြည်သူများအတွက် ဈေးကွက်ရရှိရေး အထောက်အကူပြုပေးခြင်းဖြင့် တောင်သူများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးတက်ရရှိနိုင်မှာဖြစ်ပါကြောင်း၊ ဝါးစိုက်ပျိုးခြင်းနှင့် မျှစ်ထုတ်လုပ်ခြင်းဆိုင်ရာ အားနည်းချက်၊ အားသာချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး စီမံကိန်းလုပ်ငန်များ အောင်မြင်စွာ အကောင်အထည်ဖော်ရေး ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ယခု စီမံကိန်း၏ မျှော်မှန်းရလဒ်အနေဖြင့် ကျေးလက်နေ အိမ်ထောင်စုများ၏ အလုပ်အကိုင်နှင့် ဝင်ငွေရရှိရေး၊ လူမှုဘဝနှင့် စားနပ်ရိက္ခာဖူလုံမှု တိုးမြှင့်ပေးနိုင်ရေး၊ မျှစ်စိုက်ပျိုးထုတ်လုပ်မှု တန်ဘိုး ကွင်းဆက် ဖွံ့ဖြိုးတိုးတက်လာရေးတို့ ဖြစ်ပါကြောင်း၊ စီမံကိန်းရဲ့ (၂) နှစ်တာ ကာလအတွင်း မျှစ်စိုက်ပျိုး ထုတ်လုပ်သူ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝနှင့် ဈေးကွက်အခွင့်အလမ်းများ လေ့လာခြင်း၊ မျှစ်စိုက်ပျိုးထုတ်လုပ်သူအဖွဲ့များဖွဲ့စည်းခြင်း၊ နေပြည်တော် အတွင်း သရုပ်ပြစိုက်ကွင်းများ ထူထောင်ခြင်း နှင့် မျှစ်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရာတွင် မိမိတို့ဝန်ကြီး ဌာန လက်အောက်ရှိ ဌာနအသီးသီးနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူ များပူးပေါင်း၍ မဲခေါင်-လန်ချန်း စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ကျေးလက်နေ ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုကို လျှော့ချပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးတို့အတွက်များစွာ အထောက် အကူဖြစ်စေမှာ ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက Key Note Presentation ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာဦးက စီမံကိန်းအား မိတ်ဆက်ခြင်းအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပရာ ဝါးအဆင့်မြင့်ကုန်ချောထုတ်လုပ်ခြင်း၊ မျှစ်ထုတ်လုပ်ရေးအတွက် ဝါးစိုက်ခင်းတည်ထောင်ခြင်း၊ တန်ဘိုးမြှင့်မျှစ်ထုတ်လုပ်မှုအဆင့်ဆင့်နှင့် ထုတ်ပိုးခြင်းဆိုင်ရာများ၊ ဝါးပျိုးခြံနှင့် ဝါးစိုက်ခင်းစီမံခန့်ခွဲမှု၊ အရည်အသွေးမြှင့် မျှစ်ပြုပြင်ထုတ်လုပ်ခြင်းနှင့် ပြည်တွင်း ပြည်ပဈေးကွက်၊ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာသင်တန်းများစသည့်ကဏ္ဍများကို အုပ်စုအလိုက် ဆွေးနွေးခြင်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)