သာစည်မြို့နယ်တွင် မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရန်နှင့် ပြည့်စုံမှန်ကန်သည့်မဲစာရင်းများရရှိရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်

သာစည် ဩဂုတ် ၂၁

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက် ၁၈ နှစ် ပြည့်သည့်  နိုင်ငံသားတိုင်း မဲပေးခွင့်မဆုံးရှုံးစေရန်နှင့် ပြည့်စုံမှန်ကန်သည့် မဲစာရင်းများရရှိရေးအတွက် ဩဂုတ် ၂၀ ရက်မွန်းလွဲပိုင်းက ရပ်ကွက်/ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင် ဦးဆောင်ပြီး ကော်မတီဝင်များနှင့်ဝန်ထမ်းများကအဖွဲ့ ၄ ဖွဲ့ခွဲကာ တာဝန်ခွဲဝေချထားသည့်ရပ်ကွက်များ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တစ်အိမ်တက်ဆင်းလိုက်လံကာ  မဲစာရင်းများနှင့်တိုင်ဆိုင်စစ်ဆေးပြီး   မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများမပါရှိစေရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများရရှိရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ ကျေးရွာများ၌လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာကော်မရှင်အဖွဲ့ခွဲများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                          

ထွန်းထွန်း(ပြန်/ဆက်)