တာ​​​​လေမြို့၌ အသက် ၁၈ နှစ်အထက် ပြည်သူများအား ​ရောဂါကူးစက်ခံထားရခြင်း ရှိ မရှိ Test kit ဖြင့် စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

တာလေ    နိုဝင်ဘာ  ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာလေမြို့ရှိ နားယောင်းကျေးရွာအုပ်စုအတွင်း ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရခြင်း ရှိ မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းနှင့် ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ကျေးရွာအုပ်စုအတွင်း ဆေးထိုးစုရပ် (၃) နေရာ၌ အသက် ၁၈ နှစ်အထက်ရှိ ပြည်သူများအား ကာကွယ်​ဆေးများ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး မထိုးနှံမီ သွေးပေါင်ချိန်ခြင်းနှင့် ရောဂါပိုးကူးစက်ခံထားရခြင်း ရှိ မရှိ RDT Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးပြီး ရောဂါပိုးကင်းရှင်းသူများကို သာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

နားယောင်းကျေးရွာအုပ်စုအတွင်း ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက် ၁၈ နှစ် အထက် သံဃာတော်များနှင့် ​ဒေသခံကျေးရွာနေ ပြည်သူများအား ဆေးထိုးစုရပ်ဖြစ်သည့် တောင်သုံးလုံးကျေးရွာ ၊ရန်ကင်း(၁) ကျေးရွာနှင့် တာကျန့်ကျေးရွာတို့တွင် ကိုဗစ်-၁၉ ရောဂါ ​ကာကွယ်ဆေး Sinopharm ကို ပထမအသုတ် ပထမအကြိမ်အဖြစ် ယနေ့ ဆေးထိုးနှံပေးခြင်းဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီစဉ်မှုဖြင့်တိုက်နယ်​ပြည်သူ့ ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်​ရေးမှူး ဦးဒေးဗစ်နှင့် ကျေးရွာမှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံရာသို့ တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်သူဝင်း ၊ နယ်မြေခံ တပ်ရင်း တပ်ဖွဲ့များမှ တာဝန်ရှိသူများနှင့် တာလေနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်တင်မောင်ဦး တို့က ကွင်းဆင်းကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)