မြဝတီ နိုဝင်ဘာ ၂၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာ ဘာသာ၊ စကော ကရင် ဘာသာတို့ဖြင့် ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များ နှင့်လမ်းဆုံနေရာများတွင် အသိပညာပေး နှိုးဆော် ဆောင်ရွက် ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် မလိုအပ်ဘဲနေအိမ်ပြင်ပ မထွက်ရန်၊ မဖြစ်မနေ နေအိမ်ပြင်ပ ထွက်ခွာသွားရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်ရန်၊ တစ်ခုခုကို ကိုင်ကွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် အနည်းဆုံးစက္ကန့်(၂၀) ကြာအောင် စနစ်တကျဆေးရန်၊ မိမိတို့၌ ရောဂါပိုးကူးစက် ခံရနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံ ယူရန် စသည့်အချက်များကို အသိပညာပေး နှိုးဆော်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုကို မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ယခုကဲ့သို့ နေ့စဉ်အသိပညာပေးလိုက်လံ နှိုးဆော် ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)