မုံးထ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မုံးထမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့လယ်ပိုင်းက မုံးထမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ စုရပ်ထားရှိပြီး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ဒုတိယအကြိမ်ထိုးနှံပေးရာတွင် ကာကွယ်ဆေး (၁)လုံးကို လူနှစ်ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိရာ မုံးထမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အသက်(၁၂) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ(၁၄)ဦးအား ဒုတိယအကြိမ် ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆေးတစ်ခုခုနှင့် ဓာတ်မတည့်သောရောဂါ ရှိ/မရှိ၊ အတက်ရောဂါစသည့် ဦးနှောက် အာရုံကြောဆိုင်ရာ ရောဂါရှိ/မရှိနှင့် သွေးမတိတ်ရောဂါ ရှိ/မရှိတို့ကို မေးမြန်းပြီးမှသာ မုံးထမြို့ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေး ခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)ထိုးနှံပေးရာသို့ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်မင်းထွန်း (ပြန် / ဆက်)