မင်္ဂလာတောင်ညွန့် နိုဝင်ဘာ ၂၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် နယ်လှည့်ဟော ပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အမှတ်(၃) အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၃) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ချစ်စုဝေက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ မြန်မာ့သမိုင်းအကြောင်းအရာများ၊ အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံ၍ လွတ်လပ်ရေးရသည်အထိ ကြိုးပမ်းခဲ့ကြသည့် နိုင်ငံ့ခေါင်းဆောင်များ၏ လေးစားအတု ယူဖွယ်ရာများ၊ အမျိုးသားရေးစိတ်ဓာတ်များ အစဉ်နိုးကြားပြီး မိမိတို့နိုင်ငံအတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှစ်မများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ၊ အနုပညာ ရိုးရာဓလေ့ စသည်တို့ကို အပြန်အလှန် လေးစားလိုက်နာမှုရှိရန် အရေးကြီးကြောင်း ဟောပြောဆွေးနွေးခဲ့သည်။
အဆိုပါ နယ်လှည့်ဟောပြောပွဲများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် ဆက်လက်၍ ကွင်းဆင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ