မြဝတီ နိုဝင်ဘာ ၂၅
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေးပြန်လည် ကောင်းမွန် လာသည့် အမှတ်(၅)ရပ်ကွက်၊ ဆင်းရွှေလီ(၂)လမ်းတွင် နေထိုင်သော မနန်းမြတ်စန္ဒာအား ယခုလိုသွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
မေး။ ။အစ်မရေ အစ်မရဲ့နာမည်နဲ့ နေတဲ့ရပ်ကွက်လေး ပြောပြပေးပါအုံးခင်ဗျ။
ဖြေ။ ။ကျွန်မအမည်ကတော့ နန်းမြတ်စန္ဒာ ဖြစ်ပါတယ်ရှင်၊ မြဝတီမြို့ အမှတ်(၅)ရပ်ကွက်၊ ဆင်းရွှေလီ(၂)လမ်းမှာ နေပါတယ်။
မေး။ ။အစ်မအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မခံရမှီကာလမှာ ဘယ်လိုမျိုးလက္ခဏာ ခံစားရလဲခင်ဗျ၊ ပြီးတော့ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ဘယ်လိုမျိုး သိရှိခဲ့လဲခင်ဗျ။
ဖြေ။ ။ ကိုဗစ်-၁၉ ရောဂါဖြစ်တာ မသိခင်မှာ (၃) ရက်ဆက်တိုက် ညနေပိုင်းမှာဆိုရင် ဖျားတယ်၊(၄) ရက်မြောက်နေ့ ကျ အပြင်းအထန် ဖျားပြီးတော့ (၅) ရက်မြောက်နေ့ကျတော့ အနံ့လည်းပျောက်သွားတယ်၊ကိုယ်လက်တွေ ကိုယ်ခဲတယ်၊ အရသာလည်း ပျောက်သွားတာနဲ့ ချက်ချင်း ခရိုင်ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးလိုက်တဲ့ အချိန်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။
မေး။ ။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပြီးနောက် အစ်မအနေနဲ့ ဘယ်လိုခံစားရလဲခင်ဗျ။ပြီးတော့ကော ဘယ်လိုမျိုးကုသမှု ခံယူခဲ့ သလဲခင်ဗျ။
ဖြေ။ ။ ပိုးတွေ့ရှိတဲ့အတွက်ကြောင့် မြဝတီမြို့ မဲကနယ်တိုးချဲ့ရပ် ကွက်သစ်မှာဖွင့် ထားတဲ့ ကိုဗစ်ကုသရေး စင်တာမှာဘဲ (၁၀) ရက် ဆေးကုသမှုခံယူခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား နေချိန်မှာ အရသာ ပျောက်သွားတဲ့အတွက် အစားလုံးဝ စားလို့မရပါဘူး၊ ဒါပေမယ့် ကိုယ်ကိုတိုင်က ကိုဗစ်-၁၉ ရောဂါပျောက်ကင်းချင်တဲ့အတွက် အစားကိုဝင်အောင် သေချာစားပါတယ်၊ ကိုဗစ်စင်တာ မှာရှိတဲ့ စေတနာ့ဝန်ထမ်းများကလည်း ဆေးကုသမှု ခံယူနေတဲ့ ပိုးတွေ့လူနာများကိုလည်း မနက်တစ်ကြိမ် ညနေ တစ်ကြိမ် Pressure တိုင်းပေးတယ်၊ အဖျားတိုင်းပေးတယ်။ ကိုဗစ်စင်တာမှာ ရှိတဲ့ ဆရာ/ဆရာမ တွေပေးတဲ့ ဆေးကိုလည်း စနစ်တကျ သောက်တယ်၊ အချိန်မှန်လည်း အိပ်ပါတယ်၊ အသက်ရှုခြင်းလေ့ကျင့်ခန်းလုပ်ပါတယ်။
မေး။ ။ အစ်မအနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ မိဘပြည်သူများကို ဘာတွေဖြည့်စွက်ပြောချင်လဲခင်ဗျ။
ဖြေ။ ။ မိဘပြည်သူများကို ကိုဗစ်-၁၉ ရောဂါပိုး မဖြစ်ပွားစေဖို့ မှာချင်တာက အချိန်မှန်အိပ်ပါ၊ အားရှိတဲ့ အစားအစာများကို အချိန်မှန်စားပါ။ ကိုဗစ် - ၁၉ ရောဂါ သံသယ လက္ခဏာ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆေးကုသမှုခံယူကြဖို့ တိုက်တွန်းလိုပါတယ်။
ထိန်လင်းအောင်(ပြန်/ဆက်)