ကွမ်းလုံ၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်များစာရင်း ပြည်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကွမ်းလုံ သြဂုတ် ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းလှအေးမှ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့မှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေး တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကြည်ခိုင်မှ ပထမအကြိမ်မဲစာရင်းကြေညာမှု အခြေအနေ များ၊ ဒုတိယအကြိမ် မဲစာရင်းကြေညာဆောင်ရွက်ရန်အတွက် ပြည့်စုံမှန်ကန်သည့် မဲစာရင်းရရှိအောင် သက်ဆိုင်ရာဌာနများ ပူးပေါင်ဆောင်ရွက်မှုအခြေအနေများနှင့် မဲရုံတာဝန်ချထားရေး အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်လဝကဦးစီးမှူးမှ မဲစာရင်းဖောင်းပွမှုမရှိစေရေးအတွက် ပယ်ဖျက်ရမည့်မဲစာရင်းများ၊ ပြည်လည်ဖြည့်ရမည့်မဲစာရင်းများနှင့် သက်ဆိုင်ရာတိုက်နယ်မှူး များ မဲစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

ကွမ်းလုံမြို့နယ်တွင် ပထမအကြိမ်မဲစာရင်းအရ(၃၆၅၃၁)ဦးရှိပြီး အဆိုပါမဲစာရင်းများအနက် ပယ်ဖျက်ရမည့် စာရင်းများနှင့် ပြန်လည်ဖြည့်ရမည့်စာရင်းများအား စစ်ဆေးဆောင်ရွက်လျက်ရှိပြီး အောက်တိုဘာလတွင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)