ကော့သောင်း နိုဝင်ဘာ ၂၅
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းဖြစ်စဉ်များ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်ပြီဖြစ်ရာ ယာယီပိတ်သိမ်းထားသည့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာတစ်ချို့ အချိန်အကန်ကအသတ်ဖြင့်ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့က သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု နိုင်ငံနှင့်အဝှမ်းမြို့အများအပြားတွင် မြင့်တက်ဖြစ်ပေါ်ခဲ့ရာ လူသူအသွားအလာ များပြားစုဝေးရာနေရာတစ်ချို့မှ ကူးစက်ဖြစ်ပွားမှုသည် အဆိုးရွားဆုံး အခြေအနေတွင် ရှိသဖြင့် ကော့သောင်းမြို့၌ လူအများစုဝေးရာ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာတစ်ချို့ဖြစ်သည့် မြို့ကျက်သရေဆောင်ပြည်တော်အေးစေတီတော်နှင့် ဆိပ်ကမ်းသာပန်းခြံတို့ အားယာယီပိတ်သိမ်းထားခဲ့ရာမှ ယခုအချိန်တွင် အတိုင်းအတာတစ်ခုအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ထိန်းချုပ်လာနိုင်ပြီဖြစ်သဖြင့် မြို့နေပြည်သူများ ဘုရားဖူးမြော် ကြည်ညိုနိုင်ရန်နှင့် အနားယူအပန်းဖြေနိုင်ကြရန် အချိန်အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်ပေးထားရာ ဘုရားဖူး ပြည်သူများ၊ အနားယူအပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ယင်းသို့ဖွင့်လှစ်ခွင့်ပြုပေးရာတွင် ပြည်သူများအနေဖြင့် ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များကိုမှု ပေါ့လျော့မှုမရှိစေရေးနှင့် တိကျစွာလိုက်နာကြရန် တာဝန်ရှိအဖွဲ့အစည်းများက စဉ်ဆက်မပြတ် နှိုးဆော်အသိပေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)