ကော့ကရိတ်မြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကော့ကရိတ်   နိုဝင်ဘာ ၂၅

ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများ ထက်မြက်လာစေရန်၊ မှတ်ဉာဏ်စွမ်းအား တိုးတက်ကောင်းမွန်လာစေရန်၊ စာပေနှင့်ရင်းနှီးပြီး စာဖတ်ဝါသနာ ပါလာစေရန်နှင့် ပြောရဲဆိုရဲသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းပြီး နိုဝင်ဘာ(၂၈)ရက်နေ့တွင် ကျရောက်မည့်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုံပြင်ပြောနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နေ့လယ် ၁၂ နာရီခွဲက အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှလှနွယ်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် အမက (၁၃)ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/သူ (၂၁)ဦးတို့မှ မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဝင်ရောက်ယှဉ်ပြိုင်သည့် ကျောင်းသား/သူများအား ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။ထို့နောက် စာဖတ်စွမ်းရည် ပြိုင်ပွဲကို ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ရာ အဆိုပါကျောင်းမှ ကျောင်းသား/သူများက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

စောအောင်မျိုးလွင်