မလှိုင် ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းရှိ ပြည်သူလူထုအတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ခြင်းလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်အတွင်းရှိ ကျန်းမာ ရေးဌာနများသို့ လာရောက်လှူဒါန်းသည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးချစ်မင်းသိန်းက အဖွင့် အမှာစကားပြေကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေမင်းမျိုးထွန်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရောဂါပိုး ရှိ / မရှိ စစ်ဆေးခြင်း ၊ သံသယ/သီးခြားထားရှိသောလူနာများအား ကုသရာတွင်အသုံးပြုနိုင်ရန် သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းပေးသောအလှူရှင်များကို အထူးကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပြီး အလှူရှင်များကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
အလှူရှင် (၆၈) ဦးတို့မှ ငွေကျပ် (၁ဝ၆) သိန်း၊ ပစ္စည်းတန်ဖိုးငွေ ကျပ်သိန်း (၆ဝ)၊ စုစုပေါင်းလှူဒါန်းမှုမှာ တန်ဖိုးငွေကျပ် (၁၆၆) သိန်းရှိကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)