ရန်ကုန် နိုဝင်ဘာ ၂၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ် နိုင်ရန်အတွက် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက်၄၀နှစ်နှင့် အထက် ပြည်သူများ အား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေး ထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်း များနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် အလုပ်သမားဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိ သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင်လည်း ကာကွယ်ဆေး လာရောက်ထိုးနှံ ကြသူများကို ကျန်းမာရေးဝန်းထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်း အောက်ဆီဂျင် လည်ပတ်မှုနှုန်းတိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံရှိ၊ မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ဗဟန်းမြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၂၂)ရပ်ကွက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက်၊ ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး နိုဝင်ဘာ(၂၄)ရက်နေ့တွင် မင်္ဂလာစျေးဓမ္မာရုံ၌ အသက် ၅၅ နှစ်နှင့် အထက် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံသူ စုစုပေါင်း(၃၉၀)ဦးရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိသည်။
အောင်မြင့်(ပြန်/ဆက်)