ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကရင်မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ

ရှမ်းရွာသစ်   နိုဝင်ဘာ  ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့အသိပေး ပန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာကြ စေရန်အတွက် ကရင်၊မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်မှုများအား ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။    

အဆိုပါအသိပညာပေးလုပ်ငန်းတွင် ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှမြို့ဦးစီးမှူးနှင့်ဝန်ထမ်းများက မိဘပြည်သူများအနေဖြင့် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှလာသော ဧည့်သည်များလက်မခံကြရန်၊ အခြားသူများထံသို့ သွားရောက်လည်ပတ်ခြင်း မပြုရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့်အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ ကိုစနစ်တကျတပ်ဆင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းကိုရှောင်ကြဉ်ကြရန် စသည့်အချက်များကို စကောကရင်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ရပ်ကွက်များအတွင်း လှည့်လည်၍ လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့