မိတ္ထီလာမြို့နယ်တွင် တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း ၂၂၀ဖြင့်  ကျေးရွာချင်းဆက်လမ်း သုံးလမ်းတွင် တံတား တစ်စင်း၊ ရေကျော် နှစ်ခု နှင့် Box Culvert  တည်ဆောက်ခြင်းများ ဆောင်ရွက်သွားမည်

မိတ္ထီလာ နိုဝင်ဘာ ၂၅

  မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေ ကျပ်သန်း ၂၂၀ဖြင့် ကျေးရွာချင်းလမ်း သုံးလမ်းတွင်  တံတား တစ်စင်း၊ ရေကျော် နှစ်ခုနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရာတွင် အဆင်ပြေစေရန် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ၊ တံတားတည်ဆောက်ခြင်း လုပ်ငန်းများ၊ ရေကျော်တည်ဆောက်ခြင်း၊ Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၁-၂၀၂၂ ခြောက်လဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေ ကျပ် သန်း ၂၂၀ ဖြင့် ကြွယ်ကန်ကျေးရွာ သွားလမ်းပေါ်ရှိ ကျားတိုးချောင်း ရေကျော်နှင့် ညောင်ပင်သာချောင်း ရေကျော်တည်ဆောက်ခြင်းလုပ်ငန်း၊ Box Culvert တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကန်တောင်-ဂွေ့ကြီးလမ်းပေါ်ရှိ ရေငံရိုးချောင်း တံတား တည်ဆောက်ခြင်းလုပ်ငန်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများ ဆောက်ရွက်သွား မည်ဖြစ်သည်။ ၎င်းအပြင် သရက်ပင်-ကြွယ်ကန်လမ်းတွင် Triple Box Culvert နှင့် ချဉ်းကပ်လမ်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါလုပ်ငန်းများကို မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)