ကျောက်မဲ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ဗဟိုဈေးကြီးအတွင်း ရောင်းချလျက်ရှိသည့် အရောင်းဆိုင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အချက်များနှင့် အညီ ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် တာဝန်ရှိများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျောက်မဲခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြတ်မင်းစိုး နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများသည် အရောင်းဆိုင်များတွင် ရောင်းချနေသည့် ကုန်ပစ္စည်းများတွင် သတ်မှတ် ကုန်အညွှန်း အမှတ်အသားများ ပါရှိမှုရှိ/မရှိ၊ သက်တမ်းလွန် စားသောက်ကုန်များ ဆိုင်တင် ရောင်းချ နေမှုရှိ/မရှိ တို့ကို စစ်ဆေးပြီး သက်ဆိုင်ရာ ဆိုင်ရောင်းချသူများအား စားသုံးသူ ကာကွယ်ရေး ဥပဒေပါ ကုန်ညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ထုတ်လုပ် ရောင်းချသည့် ကုန်ပစ္စည်းများပေါ်တွင် ထည့်သွင်းဖော်ပြရမည့်အချက်များ၊ ထုတ်လုပ် ရောင်းချ နေသည့် ကုန်ပစ္စည်းများတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဆိုင်ရာ အချက်များနှင့်အညီ ဖေါ်ပြပါရှိခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်အား ထောင်ဒဏ် ၂ နှစ်နှင့် ဒဏ်ငွေ သိန်း ၂၀၀ အထိချမှတ်နိုင်ကြောင်း တို့ကိုအသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ကျောက်မဲမြို့နယ်ရှိ ကုန်စုံဆိုင်များ၊ မုန့်တိုက်များ၊ သောက်ရေသန့်စက်ရုံများ၊ မုန့်၊ ခေါက်ဆွဲ ထုတ်လုပ်သည့် လုပ်ငန်းများ၊ စိုက်ပျိုးရေးသုံး ပစ္စည်းအရောင်းဆိုင်များ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များနှင့် တိုင်းရင်းဆေး အရောင်းဆိုင်များကိုလည်း ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီး ဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရသိရသည်။
မိုင်းထွန်း (ပြန်/ဆက်)