မြစ်သား နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် အများပြည်သူများအနေဖြင့် မော်တော်ဆိုင်ကယ် စီးနင်းရာ တွင်သိရှိလိုက်နာ စေရန်အတွက်ဒေသန္တရအမိန့်အသိပေး ကြေညာချက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က မြစ်သားမြို့ ဗိုလ်ချုပ်လမ်း ရွှေမုဌောဘုရားရှေ့နှင့် လူစည်ကားရာ လမ်းဆုံ လမ်းခွနေရာများ၌ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပေးကြေညာချက်လက်ကမ်းစာစောင်တွင် မြစ်သားမြို့အတွင်း ဖြတ်သန်းသွား လာမည့် ပြည်သူများအနေဖြင့် "မော်တော်ဆိုင်ကယ် တစ်စီးတွင် အမျိုးသားနှစ်ဦး မစီးရ၊ အမျိုးသမီး တစ်ဦး နောက်တွင်အမျိုးသားတစ်ဦးလိုက်ပါစီးနင်းခြင်းမပြုရ၊ အမျိုးသားတစ်ဦးနောက် တွင် အမျိုးသမီးတစ်ဦး လိုက်ပါစီးနင်းနိုင်သည်၊ အမျိုးသမီးနှစ်ဦးစီးနင်းနိုင်သည်"စသည့် အချက်များပါဝင်ပြီး အဆိုပါ အသိပေးကြေညာချက် အားလိုက်နာရန်ပျက်ကွက်ပါက တည်ဆဲ ဥပဒေအရ ထိရောက်စွာအရေးယူခြင်း ခံရမည်ဖြစ်ပြီး ထိုအမိန့်အား ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၅)ရက်၊ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့ မှစ၍ နောက်ထပ် တစ်စုံတစ်ရာ အမိန့် ထုတ်ပြန်ခြင်းမပြုမီအထိ အတည်ဖြစ်ကြောင်း သိရှိရသည်။
ထို့သို့ ဒေသန္တရအမိန့်အားပြည်သူများသိရှိနိုင်စေရန် အသိပေးကြေညာချက် လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင်မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးခိုင် နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြိုနယ်ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
မြမြမွန်(ပြန်/ဆက်)