စာရေးဆရာသားအောင်မြင့်(ဖားကန့်)၏ နို့ကြွေးချွေးကြွေးဆပ်ခရီးသည်တစ်ဦး၏ မဇ္ဈိမဒိုင်ယာရီ စာအုပ်အား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်နှင့်ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ အတွက် စာအုပ်များပေးအပ်လှူဒါန်းခြင်းကို မန္တလေးမြို့၊၆၂လမ်းနှင့် မြဝတီမင်းကြီး လမ်းထောင့်၊ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ညနေ ၅ နာရီ က ကျင်းပပြုလုပ်သည်။
လှူဒါန်းပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း က မိတ်ဆက်စကားပြောကြားသည်။ ထို့နောက် စာရေးဆရာ သားအောင်မြင့်(ဖားကန့်)ကိုယ်စား ဒေါ်အေးအေးတိုး က ပေးအပ်လှူဒါန်းရာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဦးစီးအရာရှိဒေါ်ခင်စောလွင်တို့က လက်ခံရယူသည်။
မန္တလေးတိုင်းအတွင်းရှိခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များအတွက် စာရေးဆရာ သားအောင်မြင့်(ဖားကန့်)၏ စာအုပ်ပေါင်း(၁၃၀)အုပ် လာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခရိုင်ရုံးစာကြည့်တိုက်များအတွက်(၁၄)အုပ်၊ မြို့နယ်ရုံး(၃၀)ရုံး စာကြည့်တိုက်များအတွက်(၆၀)အုပ်၊ ရှင်သန် အောင်မြင်သည့်ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ အတွက်(၅၁)အုပ် အားပေးအပ်လှူဒါန်းခြင်းဖြစ်ကြောင်း၊ အလှူရှင်ပေးပို့ထားတဲ့အတိုင်း ခရိုင်စာကြည့်တိုက် တစ်တိုက်လျှင်(၂)အုပ်နှုန်း၊ မြို့နယ်စာကြည့်တိုက်တစ်တိုက်လျှင် (၂)အုပ်နှုန်း၊ ရပ်ရွာအတွင်း ရှင်သန်အောင်မြင်သည့် စာကြည့်တိုက်များအတွက် တစ်တိုက်လျှင်(၁)အုပ်နှုန်း ဆက်လက်ပေးပို့ လှူဒါန်း သွားမည်ဖြစ်ကြောင်း မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားသည်။
သန်းဇော်မင်း(ပြန်/ဆက်)