နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံမှု အပေါ်တာဝန်ရှိသူနှင့် ဆေးထိုးနှံသူ၏ ရင်တွင်းစကားသံများ

နောင်ချို    နိုဝင်ဘာ    ၂၅   

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ခန်းမ၌ အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို  ယမန်နေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူ တစ်ဦးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံပြီးသူ တစ်ဦးတို့၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ရပါတယ်။

ဒေါ်ခင်စန်းဦး

“ကျွန်မကတော့ မိခင်နှင့်ကလေးကျန်းမာရေးဌာနက အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်စန်းဦး ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်းမှာ ပထမအကြိမ်ထိုးနှံခဲ့ပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများကို ထိုးနှံပေးနေတာ ဖြစ်ပါတယ်ရှင်။ ကာကွယ်ဆေးဆိုတာ  ပထမအကြိမ် ထိုးနှံပေးရုံနဲ့ရောဂါအပြည့်အဝ မကာကွယ်နိုင်ပါ၊ နှစ်ကြိမ်စလုံး ပြည့်အောင် ထိုးနှံမှသာ ရောဂါကို ၈၀ ရာခိုင်နှုန်း ကာကွယ်ပေးတာပါ။ ကကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးရင် ဒုတိယအကြိမ်ထိုးနှံဖို့ ၂၈ ရက် ခြားရပါတယ်။ ကာကွယ်ဆေး မထိုးမီ ဆေးလာရောက် ထိုးနှံသူတွေကို ကျန်းမာရေးပညာပေးပါတယ်။ ကာကွယ်ဆေးထိုးနှံပြီး သူများအနေနဲ့ ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးပါက ရောဂါဖြစ်ပွားမှု ၈၀ ရာခိုင်နှုန်းသာကာကွယ်နိုင်တာဖြစ် သော်လည်း ကာကွယ်ဆေး ထိုးနှံပြီးသူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါခံစားရပါက ပြင်းထန်စွာ ခံစားရခြင်း၊ အသက်သေဆုံးခြင်းများ မရှိနိုင်ကြောင်း၊ ဒါကြောင့်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို (၂) ကြိမ် စလုံးပြည့်မီစွာ ထိုးနှံကြစေလိုကြောင်း ပြောကြားလိုပါတယ်ရှင်”။

မောင်ဇော်မျိုးထက်

“ကျွန်တော်ကတော့ မျက်ချင်းနုကျေးရွာမှာနေတဲ့ မောင်ဇော်မျိုးထက် ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါဟာနိုင်ငံတကာမှာ ဖြစ်ပွားနေတဲ့အတွက် မိမိတို့အတွက် မိမိမိသားစု အတွက်ပါ အန္တရာယ် ကင်းစေပါတယ်၊ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု မရှိအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကာကွယ်ဆေးကို လာရောက်ထိုးနှံရခြင်း ဖြစ်ပါတယ်။  ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူတွေကိုလည်း ထိုးနှံကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ် ခင်ဗျာ”။

ထွေးငယ် (ပြန်/ဆက်)