မိုင်းခတ် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများနေ့စဉ်တိုးပွားလာလျက်ရှိရာ မိဘပြည်သူများအနေဖြင့် စည်းကမ်းနှင့်အညီ နေထိုင်သွားလာကြစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက မိုင်းခတ်မြို့နယ်၊ဝမ်ခုတ်ကျေးရွာတွင်အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
ယင်းသို့နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း(mask)ကို စနစ်တကျတပ်ဆင်ရန်၊ အိမ်တွင်ဧည့်သည်များအား လက်ခံခြင်းမပြုရန်၊နှာခေါင်းစည်း mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ အပြင်မှပြန်လာသောအခါ (mask)များကို စနစ်တကျစွန့်ပြစ်ရန်၊လက်ကိုဆပ်ပြာနှင့် စက္ကန့်၂၀ကြာအောင် ဆေးရန်နှင့် မိမိတို့နေအိမ်၌ ဖျားနာခြင်း၊ အနံ့မရခြင်းနှင့် ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူရန်နှင့် မိဘပြည်သူများမှ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါ၀င်ကြရန်စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် လှည့်လည်တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်မှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပြည်သူများအား ကျန်းမာရေးအသိပညာပေး နှိုးဆော်ခြင်းကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းခတ်၊(ပြန်/ဆက်)