ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည် နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုး သူများ အသင်းတို့ ပူးပေါင်း၍ ပြည်သူများစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အသိပညာဗဟုသုတများ ပိုမိုတိုးပွား စေရန်ရည်ရွယ်၍ စာရေးဆရာအောင်ကိုဦး (UMK) ရေးသားသော ကတိစကားလေးတစ်ခွန်း စာအုပ်စာဖတ်ဝိုင်းကို ယနေ့နံနက် ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာပေချစ်မြတ်နိုးသူများ၊ စာဖတ်ဝါသနာပါသူများ ပိုမိုချစ်ခင်ရင်းနှီးမှုရရှိပြီး တစ်ဦး၏အတွေးအခေါ်နှင့် အခြားတစ်ဦး၏ အတွေးအခေါ်များ အပြန်အလှန် ဆွေးနွေးခြင်းအားဖြင့် အသိပညာ ဗဟုသုတများရရှိစေရန် စာဖတ်ဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး ဦးကျော်သန်း၊ ဥက္ကဋ္ဌ စာအုပ်စာစောင်များ ချစ်မြတ်နိုးသူများအသင်းမှ စာရေး ဆရာ အောင်ကိုဦး (UMK) ရေးသားသော ကတိစကားလေး တစ်ခွန်းစာအုပ်ပါ အကြောင်းအရာများဖြစ်သည့် လယ်သမားနှင့်စိန်တုံးများစွာ၊ လိပ်ပြာသန့်ပါစေ၊ ကျောက်စရစ်ခဲလေးနှစ်ခဲ၊ ကတိစကားလေးတစ်ခွန်း စသည့်အကြောင်း အရာများကို ရှင်းလင်းဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက နံရံပေါ်က ကော်ဖီတစ်ခွက်၊ လက်ခံတတ်ဖို့တော့လိုပါတယ်၊ ပြဿနာကိုဖြေရှင်းသောအခါ၊ အလေ့အကျင့် ကောင်း ပျိုးထောင်ပါစသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

တင်တင်ထွေး