တနင်္သာရီမြို့နယ်၌ ကိုဗစ်ကင်းစင်၍ (၂)ဦး ဆေးရုံဆင်းခွင့်ရ၊ ကုသဆဲ(၁၆)ဦးကျန်ရှိ

တနင်္သာရီ နိုဝင်ဘာလ ၂၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏ လမ်းညွှန်မှုအရ ကုသရေး Centre များအတွင်း နာမကျန်းဖြစ်နေသည့်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test- Kit ဖြင့် ကျန်းမာရေးစစ်ဆေးပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံဓာတ်ခွဲခန်းတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏ ကြီးကြပ်မှုဖြင့် ပြင်ပလူနာ(၇)ဦးကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးရာ ရောဂါပိုးမတွေ့ရဘဲ တကူ(စံပြ)တိုက်နယ်ဆေးရုံတွင်တာဝန်ခံ ဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်၏ ကြီးကြပ်မှုဖြင့် လူနာ(၅)ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test-Kit ဖြင့်စစ်ဆေးရာ လူနာသစ်(၁)ဦးတွင် ရောဂါပိုးအတည်ပြုတွေ့ရှိရကြောင်း မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ သိရှိရသည်။

ရောဂါပိုးတွေ့ရှိရသော လူနာအား တကူတိုက်နယ်ဆေးရုံသီးသန့်လူနာဆောင်၌ အသွားအလာ ကန့်သတ်၍ (၁၄)ရက်အကြာ ကျန်းမာရေးစောင့်ကြပ်၍ ဆေးဝါးကုသပေးလျက်ရှိပြီး ပိုးတွေ့လူနာနှင့်ထိစပ်သည့် မိသားစုဝင်များကိုလည်း အသွားအလာကန့်သတ်၍ Home Quarantine အဖြစ်စောင့်ကြပ်ကြည့်ရှုထားရှိကြောင်း သိရသည်။

အလားတူ တကူတိုက်နယ်ဆေးရုံ သီးသန့်လူနာဆောင်တွင် ကုသမှုခံယူနေသူများအနက်မှ ပြန်လည်ကျန်းမာသက်သာလာသော အမျိုးသမီးလူနာ(၂)ဦးကိုအား တာဝန်ခံဆရာဝန်က နေအိမ်သို့ပြန်လည်ဆင်းခွင့်ပြုပြီး မိမိနေအိမ်တွင်  Home Quarantine အဖြစ်(၇)ရက် ဆက်လက် နေထိုင်ရန် မှာကြားထားကြောင်း သိရသည်။

သို့ပါ၍ နိုဝင်ဘာလ(၂၄)ရက်တွင် တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်၌ ကုသဆဲလူနာ(၅)ဦးနှင့် တကူတိုက်နယ်ဆေးရုံ သံဃာ့ဆေးရုံ Positive Centre တွင်(၉)ဦး၊ တမုတ်ချုန်းကျေးရွာအုပ်စု- ရေဖြူရွာခန်းမ Positive Centre တွင်(၂)ဦး စုစုပေါင်းကုသမှု ခံယူနေဆဲလူနာ(၁၆)ဦး ကျန်ရှိသေးကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)