တံတားဦးမြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြေပွဲနှင့် ဆေးရောင် ခြယ်ပွဲကျင်းပ

တံတားဦး  နိုဝင်ဘာ  ၂၅

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အထက၊ တံတားဦးတို့ ပူးပေါင်းပြီး (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပကြောင်းသိရသည်။

(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘိုမောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာကြည့် တိုက်ကို အသုံးပြုတတ်စေရန်၊ အားလပ် ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေး မြင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင်ဖန်တီးတတ်သည့် အတွေးအခေါ်များ ရှိလာစေရန် စသည်တို့ကို ပြောကြားပြီး၊ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးကိုကိုမောင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်လာပုံအကြောင်းအရာများ၊ မြန်မာ့သမိုင်းမှာ မြန်မာတစ်မျိုးသားလုံး မမေ့ပျောက် နိုင်သော ဂုဏ်ယူမြတ်နိုးဖွယ်ရာ အမျိုးသားအောင်ပွဲနေ့၏ အရေးပါပုံနှင့် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသား ပညာရေးကဏ္ဍ၊ ၁၉၂၀ ပြည့်နှစ် သပိတ်မှအစပြု၍ မြန်မာနိုင်ငံလွတ်လပ်ရေး ရသည်အထိ ပြည်သူလူထုတစ်ရပ်လုံး နယ်ချဲ့ဆန့် ကျင်ရေး၊ အမျိုးသားရေး စိတ်ဓာတ်များ ပေါ်ပေါက်လာခြင်း စသည့် အတုယူသင့်သော အမျိုးသားရေးစိတ်ဓာတ်ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ အထက၊ တံတားဦးကျောင်းမှ  မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးက ဆေးရောင် ခြယ်ကြပြီး ကလေးငယ်များအား တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များ အသီးသီး ပေးအပ်ကြကြောင်း သိရသည်။

ရဲတင့်(တံတားဦး)