ရှမ်းရွာသစ်မြို့တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ ကျင်းပ

ရှမ်းရွာသစ် နိုဝင်ဘာ ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ လူထု အခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်အေးအေးနွဲ့က ယခုအချိန်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျလာသည့်အတွက် စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ် ချိန်တွင် ကျောင်းသား လူငယ်ကလေးငယ်များ အသိပညာဗဟုသုတရရှိရန်၊ စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ် စာပေများကို ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ နေ့ထူးနေ့ မြတ်များအကြောင်း သိရှိစေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေး ကောင်းမွန်ရန်အတွက် ပြိုင်ပွဲကိုပြုလုပ်ပေးရခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြိုင်ပွဲကျင်းပ ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ပြုလုပ် ဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူစုစုပေါင်း (၁၃) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိ သူများကိုလည်း ဆုများချီးမြှင့်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)