ရန်ကုန် နိုဝင်ဘာ ၂၅
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် ချမ်းသာကြီးတန်ဆောင်းတွင် ယမန်နေ့ နံနက်ပိုင်း က အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနား ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနား ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များနှင့် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီးသာကေတမြို့နယ် တိပိဋကာင်္လကာရကျောင်း ဦးစီးပဓာန နာယက၊ ရန်ကုန်တိုင်း ဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာပဏ္ဏိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တအဂ္ဂသာမိ အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်၊ သံဃာတော်များအား တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အခမ်းအနား တက်ရောက်လာသည့် ဧည့်ပရိသတ်များက ဗဟန်း မြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် တိပိဋက သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာ ဆရာတော်) အရှင်သူမြတ်ထံမှ သြဝါဒခံယူကြသည်။
ထိုနောက် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိသတ်များက မဟာပဋ္ဌာန်းပါဠိတော်ကို စုပေါင်းသံပြိုင်ရွတ်ဆိုပူဇော်ပြီး အလှည့်ကျသံဃာတော်က မဟာပဋ္ဌာန်းပါဠိတော်ကို ဆက်လက် ရွတ်ဆို ပူဇော်သည်။ အဆိုပါ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ခြင်းကို နိုဝင်ဘာ ၂၈ ရက် အထိ ငါးရက်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့် (ပြန်/ဆက်)