လမ်းမတော် နိုဝင်ဘာ ၂၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၅၅နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် အသက်၄၀နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်လျင်ရှိရာ ကာကွယ်ဆေး ထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို လမ်းမတော်မြို့နယ် အ.လ.က(၁)တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက် ရှိသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေးလာရောက် ထိုးနှံကြသူများကို၊ ကျန်းမာရေးဝန်းထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်း အောက်စီဂျင် လည်ပတ်မှုနှုန်းတိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံ ရှိ၊ မရှိ မေးမြန်းခြင်း တို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။ လမ်းမတော်မြို့နယ်အတွင်း ရပ်ကွက်ပေါင်း (၁၃)ရပ်ကွက်ရှိရာ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး နိုဝင်ဘာ(၂၃) ရက်နေ့တွင် အသက်၅၅နှစ်နှင့်အထက် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၉၅)ဦး ရှိကြောင်း သိရသည်။
အလားတူ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အ.လ.က(၁)ကျောင်းတွင် ရပ်ကွက်အလိုက် ၄၀ နှစ်နှင့်အထက် ပထမအကြိမ် ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း (၁၃၆) ဦးရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့များ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြ သူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိသည်။
ကျော်ဆန်းမြင့်