သင်္ဃန်းကျွန်း နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ လျော့နည်းလာစေရေးနှင့် ကူးစက်ရောဂါအား ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက် အများပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအကြောင်း အသိပညာပေး နှိုးဆော်မှုများကို ယမန်နေ့ နံနက် ၇ နာရီအချိန်က မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
အသိပညာပေး ဆောင်ရွက်ရာတွင်လည်း မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများနှင့် ရပ်ကွက် (၃၈) ရပ်ကွက်တို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ရပ်ကွက်များရှိလမ်းများနှင့် လူအသွားအလာ များပြားသည့် ကားဂိတ်၊ လမ်းဆုံနှင့်စျေးတို့တွင် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခြင်းနှင့် လက်ကိုင်ဟမ်းစပီကာများဖြင့် အသိပညာပေးနှိုးဆော်ခြင်းတို့ကို ဆောင် ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးဆိုင်ရာ နည်းလမ်းများအား အသိ ပညာပေး နှိုးဆော်မှုများကို ဇူလိုင်လ(၁)ရက်နေ့မှ စတင်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရ သည်။
အသိပညာပေး နှိုးဆော်ဆောင်ရွက်ရာတွင်လည်း မိဘပြည်သူများအနေဖြင့် အတက်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့နေအိမ်တွင်လည်း ပြင်ပမှလာသော ဧည့်သည် များအား လက်မခံကြရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန် လိုအပ်ပါကြောင်း၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ကြရန်၊ အခြားသူများနှင့် အနည်းဆုံးခြောက်ပေအကွာမှ ခပ်ခွာခွာနေကြရန်နှင့် တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်နှစ်ဆယ်ကြာအောင် စနစ်တကျဆေးကြောကြရန်နှင့် ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင် ရွက်ပေး ကြရန်တို့ကို အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန္ဒာမိုး