ဒဂုံတောင် နိုဝင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်(အကြို)အဖြစ် စာဖတ်ဝိုင်း၊ နံရံကပ်စာစောင် ပြပွဲနှင့် စာအုပ်ပြပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် စာရေးဆရာအသင်းမှ စာရေးဆရာသက်ဝေမောင်က အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သော အကြောင်းအရာများနှင့် ပတ်သက်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသော စာပေချစ်မြတ်နိုးသူ စာဖတ်ပရိတ်သတ်များနှင့် အတူ ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးဝန်ကြီး ဌာနမှ အခမဲ့ဖြန့်ဝေသော လက်ကမ်းစာစောင်တွင် ပါဝင်သော နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းများ၊ ကောက်နုတ်ချက်များ၊ ဦးတည်ချက်များ၊ ကဗျာများ၊ အစရှိသည့်အကြောင်းအရာ များကိုလည်း ဖတ်ရှုခဲ့ကြကြောင်းလည်း သိရှိရသည်။
ထို့ပြင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လူထုအခြေပြုဗဟိုဌာနအတွင်း ခင်းကျင်းပြသ ထားရှိသော နံရံကပ်စာစောင်များ၊ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်းများ ပါဝင် သည့် စာအုပ်စာစောင်များကို အများပြည်သူသိရှိနိုင်ရေး ပြသဆောင်ရွက်ထားရှိမှုအား စာပေ ချစ်သူစာဖတ်ပရိတ်သတ်များမှ လိုက်လံလှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
သက်မင်းဟန်