သာစည်မြို့တွင် မီးလောင်မှုကြောင့် ဆိုင်ခန်းလေးခန်း ပျက်စီးဆုံးရှုံး

သာစည် နိုဝင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ဘူတာလမ်းတွင် ယမန်နေ့ည ၉ နာရီ မိနစ် ၅၀ အချိန်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် ဆိုင်ခန်းလေးခန်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။

ဖြစ်စဉ်မှာ ဦးကျော်စွာထွန်း(ခ) ဦးကျော်ကျော်သည် ၎င်း၏ ဆိုင်ပိတ်ချိန်တွင် မီးဖွင့်ထားခဲ့ရာမှ နှစ်ပင်လိမ် ဝါယာကြိုး အပူလွန်ကဲ၍  ထပ်ခိုးရှိ သစ်သားသို့ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးလောင်မှုကြောင့် ၁၀‌ပေ x၂၀ ပေ သွပ်မိုး၊ နံကပ်၊ တစ်ထပ်၊ ဆိုင်ခန်းလေးခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာသို့ မိတ္ထီလာခရိုင် မီးသတ်ဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်း ဦးဆောင်သော အုပ်ချုပ်မှုယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး၊ သာစည်မြို့နယ် မီးသတ်ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်း ဦးဆောင်သော မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၁ စီး၊ လှိုင်းတက်နယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်အင်အား ၃၃ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား ၂၀ ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၄၃ မိနစ် အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀ နာရီ ၄၉ မိနစ် အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်၍ ဦးကျော်စွာထွန်း(ခ) ဦးကျော်ကျော်အား သာစည်မြို့၊ မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားရှိကြောင်းနှင့် မီးလောင်မှုဖြစ်စဉ်ကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)