ဥတ္တရသီရိ နိုဝင်ဘာ ၂၄
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော် ဥတ္တရသီရိမြို့နယ် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက အမှာစကား ပြောကြားပြီး ၂၀၁၂ ခုနှစ် ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံအလုပ်သမား ဒေါ်သန္တာလှိုင်သည် လုပ်ငန်းခွင်သို့ တာဝန်ထမ်းဆောင်ရန်အသွား ဆိုင်ကယ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ကွယ်လွန်သွားခြင်းအား လူမှုဖူလုံရေးအဖွဲ့မှ လုပ်ငန်းခွင်ပြင်ပ မတော်တဆ ထိခိုက်ဒဏ်ရာရမှုကြောင့် သေဆုံးခြင်းအဖြစ် သတ်မှတ်၍ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံး ငွေရင်းကျပ် ၁၀,၈၀၀,၀၀၀/- နှင့် နာရေးစရိတ်ငွေကျပ် ၁,၀၈၀,၀၀၀/-၊ စုစုပေါင်း ၁၁,၈၈၀,၀၀၀/ ငွေကျပ် (တစ်ရာတစ်ဆယ့်ရှစ်သိန်းရှစ်သောင်းတိတိ)အား လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးမှ ကွယ်လွန်သူ၏ ညီမဖြစ်သူ ဒေါ်စုမျိုးလှိုင်အား လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)အစည်း အဝေးခန်းမ၌ ခွင့်ပြုထုတ်ပေးသည်။
နေပြည်တော်ကောင်စီအတွင်း မြို့နယ်လူမှုဖူလုံရေးရုံး၊ နေပြည်တော်ရုံးခွဲနှင့် ပျဉ်းမနားရုံးခွဲတို့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာန ၉၂၇ ဌာန ၊ အာမခံအလုပ်သမားဦးရေ ၂၃,၁၀၀ ဦးရှိပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (NDP) နှင့် အညီ အလုပ်ဌာန ၊ အလုပ်သမားများ တိုးတက်မှတ်ပုံတင်နိုင်ရေးကို ဆောင်ရွက်လျက်ရှိပြီး အလုပ်သမားဦးရေ တိုးတက်လာသည် နှင့်အညီ လူမှုဖူလုံရေးဆေးခန်းများကိုလည်း တိုးချဲ့ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု ၄၀ ရာခိုင်နှုန်းနှင့် လက်ရှိအကောင် အထည်ဖော်နေသော အာမခံစနစ်(၂)မျိုးရှိပြီး အကျိုး ခံစားခွင့် (၁၆)မျိုးအတွက်အမှုတွဲပေါင်း (၄,၅၄၈)မှု အတွက် ငွေကျပ်သန်းပေါင်း (၅၉၅.၁၈၆)သန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုထုတ်ပေးခဲ့ကြောင်းသိရသည်။
ဥတ္တရခရိုင် (ပြန်/ဆက်)