မိုးနဲ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်အတွက် SINOPHARM အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အချိန်နှင့် တပြေးညီ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင်လည်း အုပ်စုအလိုက် ဒုတိယအသုတ် အကြိမ်ပြည့်အဖြစ် မြို့နယ်ကမ္ဘောဇခန်းမစုရပ်၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးဆက်လက်ထိုးနှံရာတွင် မိုးနဲမြို့နယ်ရှိ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် စာရင်းသွင်းပေးခြင်း၊ ကိုအပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အခြေနေဖြစ်မှသာ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးကြပါသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ယနေ့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဇင်ကိုကို(ပြန်/ဆက်)