ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ တစ်ဦး၏ ရင်တွင်းစကားသံများ

ရန်ကင်း နိုဝင်ဘာ ၂၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသည့် ဦးကိုကိုအောင် ယခုလိုဘဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ်-

မေး။ ဆရာရဲ့အမည်နဲ့ နေရပ်လေး မိတ်ဆက်ပေးပါအုံးရှင်။

ဖြေ။ ကျွန်တော့်နာမည်ကတော့ ဦးကိုကိုအောင် ဖြစ်ပါတယ်။ နေရပ်ကတော့ အမှတ် ၅ရပ်ကွက်တွင် နေထိုင်ပါတယ် ၊ အလုပ်အကိုင်ကတော့ အငြိမ်းစားတစ်ဦး ဖြစ်ပါတယ်။

မေး၊၊ ကိုဗစ်-၁၉ရောဂါကို ဘယ်အချိန်က ကူးစက်ခံရပါသလဲ၊ ကူးစက်မခံရမီ ဘယ်လိုမျိုးက္ခဏာတွေ ဖြစ်ပါသလည်း၊  နောက်ပြီးတော့ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ဘယ်လိုမျိုးသိရှိခဲ့ရလဲ သိပါရစေရှင်။

ဖြေ။ ကျွန်တော်က ကိုဗစ်-၁၉ရောဂါကို တတိယလှိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်၊ ကူးစက်မှုမခံရမီက ကျွန်တော်ဖျားတယ်၊ ချောင်းဆိုးတယ်၊ ၅ရက်လောက် အဲ့လိုတွေဖြစ်ပြီးတော့ အနံပျောက်တယ်၊ အသက်ရှူလည်း ကြပ်လာပြီး မသင်္ကာလို့ ဆေးရုံကိုသွားပြီး ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးလိုက်တော့ ကိုဗစ်-၁၉ရောဂါပိုး တွေ့ပါတယ်။

မေး။ ဆရာ့အနေနဲ့ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ဘယ်လိုကုသမှု ခံယူခဲ့ပါသလဲ ။

ဖြေ။ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတဲ့နောက်မှာ တတိယလှိုင်းဖြစ်ပွားချိန် စဖြစ်ဖြစ်ခြင်းမှာ ကိုဗစ် ကုသရေးစင်တာတွေ မဖွင့်သေးဘူး အိမ်မှာပဲ မိသားစုနဲ့သီးသန့်ခွဲနေပြီး ရက် (၂၀)ရက်တိတိ ဆေးကုသမှု ခံယူပါတယ်၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေချိန်မှာ အနံ့အရသာ ပျောက်သွားတဲ့အတွက် အစားလုံးဝ စားမရဘူး ၊ ဒါပေမယ့် ကိုယ်တိုင်က ကိုဗစ်-၁၉ရောဂါ ပျောက်ကင်းချင်တဲ့ အသက်ကလည်း (၆၀)ရှိနေပါပြီ အသက်ရှည်ရှည်နေချင်သေးတဲ့အတွက် စိတ်ကိုအားတင်းပြီး အစားကိုဝင်အောင် သေချာစားတယ်၊ ပြီးတော့ ကျန်းမာရေးလမ်းညွှန်ချက်တွေနဲ့ နေထိုင်တယ် မနက်တစ်ကြိမ် ညနေ တစ်ကြိမ် Pressure တိုင်း အဖျားတိုင်းတယ်၊ အောက်စီဂျင်တော့ ကျ မသွားပါဘူး၊ ကျန်းမာရေးက ညွှန်ကြားထားတဲ့ ဆေးတွေ စနစ်တကျ သောက်ပါတယ်၊ ပြီးတော့ အချိန်မှန်လည်း အိပ်ပါတယ်၊ အသက်ရှုလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်တယ်၊ စာဖတ်တယ်၊ တရားထိုင်တယ် ငါအသက်ရှင်ရမယ်၊ ကျော်လွှားနိုင်ရမယ်ဆိုပြီး စိတ်ကိုအားတင်းပြီး နေလာခဲ့ပါတယ်။ အဓိကစိတ်နဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။

မေး။ ဆရာအနေနဲ့ ကိုဗစ် ကာကွယ်ဆေး ထိုးပြီးပြီလား သိချင်ပါတယ် ။

ဖြေ။ ကျွန်တော် ကိုဗစ်-၁၉ ကာကွယ်ဆေး( ၂)ကြိမ်လုံး ထိုးပြီးပါပြီ။

မေး။ ဆရာ့အနေနဲ့ ကိုဗစ်-၁၉ရောဂါနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး နေထိုင်စားသောက်ခြင်းဖြင့် ကျန်းမာရေးကို ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောလိုပါသလဲရှင် ။

ဖြေ။ မိဘပြည်သူများကို ကိုဗစ်-၁၉ ရောဂါပိုး မဖြစ်ပွားဖို့ မှာချင်တာက အချိန်မှန်မှန် အိပ်ပါတယ်၊ အားရှိတဲ့ အစားအစာများကို အချိန်မှန်မှန်စားပါ၊ ကိုဗစ်-၁၉ရောဂါ သံသယ လက္ခဏာပေါ်ပါက မိမိအိမ်တွင် သက်ဆိုင်ရာ ကျန်းမာရေးဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆေးကုသမှုခံယူကြပါ။ ဆေးထိုးရန် ကျန်တဲ့သူများကိုလည်း ကိုဗစ်ကာ ကွယ်ဆေး နှစ်ကြိမ် ပြည့်မီအောင် ထိုးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ။

အားလုံးလည်း ကျန်းမာစွာနဲ့ ဒီကိုဗစ်-၁၉ရောဂါကြီးမှ ကင်းဝေးကြပါစေလို့ အမြဲဆုတောင်းပေးနေပါတယ်။

အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်ရှင်။

လှလှထွေး(ပြန်/ဆက်)