နမ္မတူမြို့တွင် ကျား/မအခြေပြု အကြမ်းဖက်မှုလျော့ချရေး၊ လူကုန်ကူးမှုတာဆီးကာကွယ်ရေးနှင့် ညွှန်းပို့တုန့်ပြန်ကူညီဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်

နမ္မတူ နိုဝင်ဘာ ၂

နမ္မတူမြို့နယ်၊ မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှဦးစီး၍ ကျား/မအခြေပြု အကြမ်းဖက်မှု လျော့ချရေး၊ လူကုန်ကူးမှု တာဆီးကာကွယ်ရေးနှင့် ညွှန်းပို့တုန့်ပြန်ကူညီဆောင်ရွက်နိုင်ရေး အသိပညာ ပေးဆွေးနွေးပွဲကို ယနေ့နံနက် (၈)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းမှ တာဝန်ခံ ဦးအောင်ဆန်းမြင့်နှင့် Women Lead အဖွဲ့မှ ဒေါ်အဲမေတို့က အမျိုးသမီးများ၏ လွတ်လပ်စွာရွေးချယ်မှု ဆန္ဒသဘောထား ရပ်တည်မှု၊ ဖွံဖြိုးမှုစွမ်းရည်များကို အပြည့်အဝ မရရှိရန်အလို့ငှာ ကြောက်ရွံ့အောင် ခြိမ်းခြောက်ခြင်း၊ ဟန့်တားပိတ်ပင်ခြင်း၊ ထိခိုက်အနာတရဖြစ်ရန် ကိုထိလက်ရောက်နှိပ်စက်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုပတ်ဝန်းကျင်များတွင် ထိခိုက်နစ်နာစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အမျိုးသမီးငယ်များနှင့် မိန်းကလေးငယ်များကို ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ အိမ်တွင်းအကြမ်းဖက်ခြင်း၊ လူကုန်ကူးမှုအန္တရာယ်များနှင့် ခေါင်းပုံဖြတ်ဆောင်ရွက်ခြင်းအန္တရာယ်များ ကြိုတင်ကာကွယ်ရေးနှင့် ညွှန်းပို့တုန့်ပြန်ကူညီ ဆောင်ရွက်ရေး ဦးဆောင်ဆွေးနွေးခဲ့ရာ မြို့နယ်အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များမှ တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို နိုဝင်ဘာလ (၂၄)ရက်နှင့် (၂၅)ရက် နှစ်ရက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းမှ တာဝန်ခံ ဦးအောင်ဆန်းမြင့်ထံက သိရသည်။

လူမော် (ပြန်/ဆက်)