မင်္ဂလာဒုံမြို့နယ်တွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ "ပန်းခင်း"စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

မင်္ဂလာဒုံ   နိုဝင်ဘာ ၂၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့  ဆိုသည့် ဆောင်ပုဒ်ဖြင့် "ပန်းခင်း" စီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေးအတွက် မင်္ဂလာဒုံမြို့နယ်တွင် "ပန်းခင်း" စီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအား ဆောင်ရွက်ပေးခြင်း စသည့် နည်းလမ်းလေးသွယ်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့နံနက်ပိုင်း၌ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးမြင့်သူအောင်နှင့် ဒု-လ.ဝ.ကမှူး ဒေါ်ဆူဇီ ဦးဆောင်သည့် အဖွဲ့များသည် ကျေးရွာနေ ပြည်သူများအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားကတ်ကိုင်ဆောင်သူ (၆၈)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားကတ် ကိုင်ဆောင်သူ (၂၄)ဦး၊ အသက်(၁၀)နှစ်ပြည့်မှ (၁၈)နှစ်ပြည့် နိုင်ငံသားကတ် လဲလှယ်သူ (၁၀)ဦး စုစုပေါင်း (၁၀၂)ဦးတို့ကိုလည်းကောင်း နိုင်ငံသားကတ်များ အသီးသီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

"ပန်းခင်း"စီမံချက်ကို (၂၀၂၁)ခုနှစ်၊ မေလ(၃)ရက်မှစတင်၍ ကျေးရွာ၊ရပ်ကွက်များတွင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး (၂၀၂၂)ခုနှစ်၊ နိုဝင်ဘာ(၃)ရက်နေ့အထိ (၁၈)လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

သန္တာ(ပြန်/ဆက်)