တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တိုက်ကြီး နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကို​ဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ရောဂါကြောင့် သေဆုံးမှုများ လျော့နည်းလာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဉီးစားပေးအစီအစဉ်အရ  ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို သတ်မှတ်ထားသော စုရပ်နေရာများတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဦးစားပေးအုပ်စုများအတိုင်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် အိုးတန်းရပ်ကွက်ရှိ ရွှေဂျိုးဖြူခန်းမ စုရပ်ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၃၇၅)ဦး လာရောက်ထိုးနှံခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၏ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် အသွားအလာ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအား QR Code စနစ် ပါဝင်သည့် စာရွက်များ ပြန်လည်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်