ထန်းတပင်မြို့နယ်တွင် နှာခေါင်စည်း တပ်ဆင်သွားလာရေးလှုပ်ရှားမှု (Mask Campaign) ဆောင်ရွက်

ထန်းတပင်(ရန်ကုန်)၊ နိုဝင်ဘာ ၂၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါအား ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရန်အတွက်  ယမန်နေ့ နံနက်ပိုင်းက မြို့မစျေး၊ စျေးရှေ့နှင့် လမ်းဆုံကားဂိတ် နှင့် လှည်းဆိပ်စံပြကျေးရွာတို့တွင် မြို့နယ်တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ နှာခေါင်းစည်း မတပ်ဆင်ထားသူ များအား နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရေး လှုပ်ရှားဆောင်ရွက်မှု (Mask Campaign) နှင့် ရောဂါကြိုတင်ကာကွယ်ရေး အကြောင်းအရာများကို အများပြည်သူများသိရှိလိုက်နာ ဆောင်ရွက်စေရေးတို့အတွက် ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။    

နှာခေါင်စည်း တပ်ဆင်သွားလာစေရေး လှုပ်ရှားဆောင်ရွက်မှုများ ဆောင်ရွက်ရာတွင်လည်း နှာခေါင်းစည်း မတပ်ဆင်သူများကို အဓိကထားကာ နှာခေါင်းစည်း တပ်ဆင်သွားလာစေရေးအတွက် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာနိုင်စေရေး အသိပညာပေး Mask Campaign ကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ထန်းတပင်မြို့မစျေးရှိ စျေးသည်များ၊ မြို့မစျေးသို့ လာရောက်ကာ စျေးဝယ်ကြသူများ၊ စျေးရှေ့နှင့် လမ်းဆုံကားဂိတ် ဖြတ်သန်းသွားလာနေကြသူများနှင့် လှည်းဆိပ်ကျေးရွာရှိ အများပြည်သူများတွင် နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိပါက တစ်ခါသုံး နှာခေါင်းစည်း Mask များကို (အခမဲ့)ဖြန့်ဝေ ဆောင်ရွက်ခဲ့ကြကာ တပ်ဆင်ထားသည့် နှာခေါင်းစည်း ဟောင်းနွမ်းနေပါကလည်း အသစ်လဲလှယ် တပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်သွားလာစေရေးတို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်းလည်း သိရ သည်။     

ဇင်မင်းထိုက်(ထန်းတပင်)